အခန်းကြီး(၄၃)
၁ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍၊ ၂အဲဂုတ္တုပြည်မှ ဆောင်ခဲ့သော စပါးကို စားကုန်ပြီးမှ၊ အဘက၊ တဖန် သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟု ဆို၏။ ၃ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ်ခြိမ်းချောက်လျက် သင်တို့ညီမပါလျှင် ငါ့မျက်နှာကိုမမြင်ရဟု ပြောထားပြီ။ ၄ကျွန်ုပ်တို့ညီကို ထည့်လျှင် သွား၍ အဘစားဘို့ရာ ဝယ်ပါမည်။ ၅ညီကိုမထည့်လျှင် မသွားပါ။ အကြောင်း မူကား၊ ထိုသူက သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ၏။ ၆ဣသရေလကလည်း၊ သင်တို့၌ ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့်ငါ့ကို ညှဉ်းဆဲကြသနည်းဟု ဆိုသော်၊ ၇သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏ အကြောင်းအရာ အမျိုးအနွှယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘ အသက်ရှင်သေးသလော။ ညီရှိသေးသလောဟု မေးသောအခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောကို လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကို ဆောင်ခဲကြဟု သူပြောမည်ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။ ၈ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ်ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ထ၍ သွားကြပါမည်။ ၉ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ်တွင် သူ့ကိုတောင်းပါ။ သူ့ကိုပြန်၍ မဆောင် အဘရှေ့မှာ မထားလျှင်၊ အစဉ်မပြတ်အပြစ်ကို ခံပါစေ။ ၁ဝဤမျှလောက် မဖင့်မနွှဲလျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။ ၁၁အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြု ကြလော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိမ်ဝတို့တွင် ခါနာန်ပြည်၏ အသီးအမျိုး အကောင်းဆုံးတည်းဟူသော ဗလစံစေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သားမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို ယူကြလော့။ ၁၂သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့။ အိမ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင်သွားကြဦ လော့။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ၏။ ၁၃သင်တို့ညီကိုလည်း ယူ၍ တဖန် ထိုသူထံသို့ ထသွား ကြလော့။ ၁၄ထိုသူသည် သင်တို့အစ်ကို တယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့် တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကို ခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊ ၁၅သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။
၁၆သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကို အိမ်သို့ ခေါ်သွားလော့။ အကောင်များကိုသတ်၍ စားစရာကိုပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူ မွန်းတည့်စာကို စားရ လိမ့်မည်ဟု မှာထားသည်အတိုင်း။ ၁၇ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ်သွား၏။ ၁၈ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့သည် ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ်သွင်းပြီ။ သူသည် အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြုသဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကို သိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊ ၁၉ယောသပ်၏ ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှား နှုတ်ဆက်လျက်၊ ၂ဝသခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကိုဝယ်ခြင်းငှါ အမှတ်လာပါ၏။ ၂၁စားခန်းသို့ရောက်၍ အိတ်များကို ဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျင်းမလျော့ဘဲ အိတ်ဝတွင်ရှိပါ၏။ ထိုငွေကို တဖန်ဆောင်ခဲ့ ကြပါပြီ။ ၂၂ယခုလည်း အစာကိုဝယ်ခြင်းငှါ အခြားသောငွေကို ကိုယ်၌ ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြသော်၊ ၂၃ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့အဘ၏ ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကို သနားတော်မူပြီ။ သင်တို့ငွေကို ငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက်လေ၏။ ၂၄ယောသပ်အိမ်သို့ သွင်းပြီးမှ ဝန်စာရေးသည် ရေကိုပေး၍ ခြေဆေးစေ၏။ မြည်းတို့ကိုလည်း သွင်းလေ၏။ ၂၅မွန်းတည့်အချိန်၌ ယောသပ်လာ လိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာကို စားရလိမ့်မည်ဟု သူတို့သည် ကြားလေသတည်း။
၂၆ယောသပ်သည် အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲယောသပ် ထံသို့ သွင်း၍သူ့ရှေ့မှာ ဦးညွှတ်ချလျက်နေကြ၏။ ၂၇ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘတည်းသူသော သင်တို့အရင်ပြောသော အသက်ကြီးသူသည် ကျန်းမာပါ၏လော။ အသက်ရှင် သေး၏လောဟု မေးလျှင်၊ ၂၈သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘသည် ကျန်းမာပါ၏၊ အသက်ရှင် ပါသေး၏ဟု လျှောက်လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ၏။ ၂၉ထိုအခါ ယောသပ်သည် မြော်ကြည့်၍ မိမိအမိ၏သား၊ မိမိညီရင်း ဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ် သလောဟု မေးလျက်၊ သင့်ကို ဘုရားသခင် ကယ်မသနား တော်မူပါစေသော ငါ့သားဟုဆိုပြီးမှ၊ ၃ဝညီရင်းကိုမြင်ရ၍ ကြင်နာသောစိတ် ရှိသောကြောင့် အလျင်အမြန်ထသွား လေ၏။ ငိုရာအရပ်ကိုရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။ ၃၁တဖန် မျက်နှာကိုသစ်၍ ဣနြေ္ဒချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင် စားပွဲကိုပြင်ကြဟု အမိန့်ရှိ၏။ ၃၂ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ်နှင့်စားသော အဲဂုတ္တု လူတို့ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံတတ်ကြ၏။ ၃၃ညီအစ်ကိုတို့သည် အကြီးမှစ၍ အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာ ထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့သြခြင်းရှိကြ၏။ ၃၄ယောသပ်သည်လည်း သူတို့စားရန် အဘို့ အသီးအသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာမိန်ရသောအဘို့သည် အစ်ကိုတို့ရသော အဘို့ထက် ငါးဆ များသတည်း။ သူတို့သည် သောက်၍ ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။