ကမ္ဘာဦးကျမ်း(၄၇)

အခန်းကြီး(၄၇)
            ထိုစကားအတိုင်း ယောသပ်သည် ဖာရောမင်းထံသို့သွား၍ ကျွန်တော်အဘနှင့် အစ်ကိုတို့သည် သိုးနွား၊ ဥစ္စာရှိသမျှကိုဆောင်လျက် ခါနာန်ပြည်ကရောက်လာ၍ ဂေါရှင်ပြည်၌ ရှိကြပါသည်ဟု လျှောက်သဖြင့်၊ အစ်ကိုစု ထဲကရွေး၍ ငါးယောက်တို့ကို အထံတော်သို့သွင်းလေ၏။ ဖာရောမင်းကလည်း၊ သင်တို့သည် အဘယ်သို့လုပ် ဆောင်လေ့ရှိကြသနည်းဟု မေးလျှင်၊ သူတို့က၊ ကိုယ်တော်ကျွန်တို့သည် ဘိုးဘေးနှင့်တကွ သိုးထိန်းဖြစ်ကြပါ၏ ဟူ၍၄င်း၊ ခါနာန်ပြည်၌ အလွန်အစာခေါင်းပါး၍ သိုးနွားကျက်စားရာ မရှိသောကြောင့်၊ ကိုယ်တော်ကျွန်တို့သည် ပြည်တော်၌ တည်းခိုခြင်းငှါ လာကြပါ၏။ သို့ဖြစ်၍ ကိုယ်တော် ကျွန်တို့သည် ဂေါရှင်ပြည်၌ နေရမည်အကြောင်း အခွင့်ပေးတော်မူပါဟူ၍၄င်း လျှောက်ကြ၏။ ဖာရောမင်း ကလည်း၊ သင်၏အဘနှင့် အစ်ကိုတို့သည် သင့်ထံသို့ ရောက်လာကြပြီဖြစ်၍၊ အဲဂုတ္တုပြည်သည် သင့်ရှေ့မှာ ရှိ၏။ သင်၏အဘနှင့် သင်၏အစ်ကိုတို့ကို အကောင်းဆုံး သောအရပ် ဂေါရှင်ပြည်၌ နေရာချလော့။ သူတို့တွင် အစွမ်းသတ္တိရှိသောသူ အချို့ကိုတွေ့လျှင် ငါ၏သိုးနွားအုပ် အရာ၌ခန့်ထားလော့ဟု ယောသပ်အား မိန့်တော်မူ၏။
            ယောသပ်သည် အဘယာကုပ်ကို သွင်း၍ ဖာရောမင်းရှေ့မှာ ထားသဖြင့်၊ ယာကုပ်သည် ဖာရောမင်းကို ကောင်းကြီးပေး၏။ ဖာရောမင်းက၊ သင်သည် အသက်အဘယ်မျှလောက် ရှိပြီနည်းဟု ယာကုပ်အားမေးလျှင်၊ ကျွန်တော်သည် ဧည့်သည်အာဂန္တုဖြစ်၍ လွန်သောအသက်သည် အနှစ်တရာ သုံးဆယ် ရှိပါပြီ။ ကျွန်တော် အသက်ရှင်သောနှစ် နည်း၍ဆိုးပါ၏။ ဧည့်သည်အာဂန္တုဖြစ်သော ဘိုးဘေးတို့၏ အသက်တမ်းကိုမမှီပါဟု လျှောက်ဆိုပြီးလျှင်၊ ဝဖာရောမင်းကို ကောင်းကြီးပေး၍ အထံတော်က ထွက်သွား လေ၏။
            ၁၁ဖာရောမင်းအမိန့်တော်ရှိသည်အတိုင်း၊ ယောသပ်သည် အဘနှင့် အစ်ကိုတို့ကို နေရာချ၍ အဲဂုတ္တုပြည်၌ အကောင်းဆုံးသောအရပ် ရာမသက်မြေကိုအပိုင်ပေး၏။ ၁၂အဘနှင့် အစ်ကိုများ၊ အဘ၏ အိမ်သား ရှိသမျှတို့ကို အနည်းအများအလိုက် ကျွေးမွေး၏။
            ၁၃အလွန်အစာခေါင်းပါး၍ တပြည်လုံး စားစရာမရှိသောကြောင့်၊ အဲဂုတ္တုပြည်နှင့် ခါနာန်ပြည်သည် အားလျော့လေ၏။ ၁၄ပြည်သားဝယ်သောစပါးအဘိုး၊ အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ တွေ့သမျှသောငွေကို ယောသပ် စုသိမ်း၍ နန်းတော်သို့ သွင်းထားလေ၏။ ၁၅အဲဂုတ္တုပြည်၊ ခါနာန်ပြည်၌ ငွေကုန်သောအခါ၊ အဲဂုတ္တုလူအပေါင်းတို့ သည် ယောသပ်ထံသို့လာ၍ စားစရာကို ပေးသနားတော်မူပါ။ ကျွန်တော်တို့သည် ငွေကုန်သော်လည်း ရှေ့တော်၌ အဘယ်ကြောင့် သေရပါအံ့နည်ဟု လျှောက်ကြသော်၊ ၁၆ယောသပ်က၊ ငွေကုန်လျှင် တိရစ္ဆာန်များကိုပေးကြ၊ တိရစ္ဆာန်အတွက် စပါးကိုပေးမည်ဟု ဆိုသည်အတိုင်း၊ ၁၇သူတို့သည် တိရစ္ဆာန်တို့ကို ယူခဲ့၍၊ ယောသပ်သည် မြင်း၊ သိုး၊ နွား၊ မြည်းတို့အတွက် စပါးကိုပေးသဖြင့် ထိုနှစ်တွင် တိရစ္ဆာန်ရှိသမျှတို့အတွက် ပြည်သားများကို ကျွေးမွေး၏။ ၁၈ထိုနှစ်ကုန်ပြီးမှ ဒုတိယနှစ်တွင် လာကြလျှင်၊ ကျွန်တော်တို့ ငွေကုန်ကြောင်းကို သခင်ရှေ့မှာ မထိန်ဝှက်ပါ။ ကျွန်တော်တို့တိရစ္ဆာန်များကိုလည်း သခင်ရပါပြီ။ သခင်ရှေမှာ ကျွန်တော်တို့ကိုယ်နှင့် မြေမှတပါး အဘယ်အရာမျှ မကျန် ပါ။ ၁၉ရှေ့တော်၌ အဘယ်ကြောင့်သေ၍ ပြည်တော်ပျက်ရပါအံ့နည်း။ အစာကိုပေး၍ ကျွန်တော်တို့နှင့် ကျွန်တော် တို့မြေကိုဝယ်ပါ။ ကျွန်တော်တို့သည် မြေနှင့်တကွ ဖာရောဘုရင်၏ ကျွန်ခံပါမည်။ ကျွန်တော်တို့သည် မသေ၊ မသက် ရှင်စေခြင်းငှါ၎င်း၊ ပြည်တော်သည် လူမဆိတ်ညံစေခြင်းငှါ၎င်း၊ မျိုးစေ့ကိုပေးပါဟု လျှောက်ကြသော်၊ ဝယောသပ်သည် အဲဂုတ္တုမြေ ရှိသမျှကို ဖာရောမင်းဘို့ ဝယ်လေ၏။ အစာခေါင်းပါး၍ အဲဂုတ္တုလူတို့သည် မတတ်နိုင်သောကြောင့်၊ အသီးအသီးပိုင်သော မြေကွက်တို့ကို ရောင်းသဖြင့် မြေသည် ဘဏ္ဍာတော် ဖြစ်လေ၏။ ၂၁လူတို့ကိုကား၊ အဲဂုတ္တုပြည် တစွန်းမှသည် တစွန်းတိုင်အောင် မြို့တို့သို့ပြောင်းစေ၏။ ၂၂ယဇ်ပုရောဟိတ်တို့ ပိုင်သော မြေကိုကား မဝယ်။ သူတို့သည် ဖာရောမင်း ကျွေးမွေးသည်အတိုင်း ကျွေးမွေးသောအစာကို စားရကြ၏။ ထိုကြောင့် မိမိတို့မြေကို မရောင်းရကြ။ ၂၃ယောသပ်ကလည်း၊ သင်တို့ နှင့် သင်တို့မြေကို ဖာရောမင်းဘို့ ယနေ့ငါဝယ်ပြီ။ မျိုးစေ့ကိုယူ၍ လယ်လုပ်ကြလော့။ ၂၄အသီးအနှံကို ရသောအခါ၊ ငါးဘို့တွင် တဘို့ကို ဖာရောမင်းအား ဆက်ရကြမည်။ လေးဘို့ ကိုကား သင်တို့ယူ၍ နောက်တဖန် မျိုးစေ့ကိုကြဲကြလော့။ သင်တို့စား၍ အိမ်သားများ၊ သူငယ်များတို့ကို ကျွေးကြလော့ဟု ပြည်သားတို့အား ဆို၏။ ၂၅သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့အသက်ကို ကယ်ပါပြီ။ သနားသောစိတ်နှင့် ကြည့်ရှုတော်မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ ကျွန်ခံရပါမည်ဟု လျှောက်ကြ၏။ ၂၆ထိုကြောင့် ဖာရောမင်းမပိုင်သော ယဇ်ပုရောဟိတ်တို့၏မြေကို ထား၍၊ ဖာရောမင်းသည် ငါးဘို့တွင် တဘို့ကို ပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သော ဓမ္မသက်ကို ယောသပ်စီရင်၍ ထားသတည်း။
            ၂၇ဣသရေလသားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင်အရပ်၌ နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွားများပြား ကြ၏။ ၂၈ယာကုပ်သည် အဲဂုတ္တုပြည်၌ ဆယ်ခုနစ်နှစ်အသက်ရှင်၍ အသက်နှစ်ပေါင်း တရာလေးဆယ်ခုနစ်နှစ် ရှိသတည်း။ ၂၉ဣသရေလသည် သေရသောအချိန်နီးသော်၊ သားယောသပ်ကိုခေါ်၍ ငါ့ကိုသနားလျှင် သင်၏လက်ကို ငါ့ပေါင် အောက်၌ ထားပါလော့။ ကရုဏာ သစ္စာနှင့်အညီ ငါ၌ပြုပါ။ အဲဂုတ္တုပြည်၌ ငါ့ကိုမသင်္ဂြိုဟ်ပါနှင့်။ ၃ဝငါသည် ဘိုးဘေး နှင့်အတူ အိပ်ချင်ပါ၏။ အဲဂုတ္တုပြည်မှ ငါ့ကိုဆောင်သွား၍ သူတို့သင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟုဆို၏။ ယောသပ်ကလည်း၊ အဘဆိုသည်အတိုင်း အကျွန်ုပ်ပြုပါမည်ဟု ဝန်ခံ၏။ ၃၁ငါ့အား ကျိန်ဆိုခြင်းကိုပြုပါဟု ဆိုပြန်လျှင်၊ ကျိန်ဆိုခြင်းကိုပြု၏။ ဣသရေလသည်လည်း ခုတင်ခေါင်းရင်းပေါ်မှာ ကိုးကွယ်လေ၏။